မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေဖြင့် ဒုတိယအကြိမ်ထုတ်ချေးပေး

မင်းဘူး ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်းစီးပွားရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေ ၄၁ ဒသမ ၄၉ ကျပ်သန်းကို ဒုတိယအကြိမ်အဖြစ် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မင်းဘူးခရိုင် နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ချေးငွေများထုတ်ပေးရခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်မှသတ်မှတ်ထားသော စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဒုတိယအကြိမ် ထုတ်ချေးငွေအဖြစ် စိုက်ပျိုးရေးကဏ္ဍတွင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ် မြေအောက်ရေရရှိရေးလုပ်ငန်းဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သည့် တောင်သူ(၅)ဦး၊ မွေးမြူရေးကဏ္ဍတွင် နွားမွေးမြူရေးလုပ်ကိုင်သူတစ်ဦးနှင့် အသားတိုးကြက် မွေးမြူရေးလုပ်ကိုင်သူ(၂)ဦး စုစုပေါင်းလုပ်ငန်းရှင်(၈)ဦးအား ချေးငွေ ၄၁ ဒသမ ၄၉ ကျပ်သန်းတိတိကို သက်သာသော အတိုးနှုန်းထားဖြင့် လုပ်ငန်းရှင်များထံ ထုတ်ချေးပေးအပ်ခဲ့ကြသည်။

မင်းဘူး(စကု)မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ယခင်ပထမအကြိမ် ထုတ်ချေးမှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ကုန်ထုတ်လုပ်ရေးကဏ္ဍများ၌ လုပ်ငန်းရှင် ၂၀ ဦး၊ ယခုအခါ ဒုတိယအကြိမ်ထုတ်ချေးမှုတွင် စိုက်ပျိုးရေးကဏ္ဍ(ဆိုလာစနစ် မြေအောက်ရေရရှိရေး)နှင့် မွေးမြူရေးကဏ္ဍများတွင် လုပ်ငန်းရှင် ၈ ဦး၊ စုစုပေါင်းလုပ်ငန်းရှင် ၂၈ ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေစုစုပေါင်း ၃၈၇ ဒသမ ၈၄ ကျပ်သန်း (သိန်းပေါင်း ၃၈,၇၈၄,၀၀၀)တိတိကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ အဆိုပါချေးငွေများအား ကျပ် ၁၀၀ ကို ပြား(၇၀) အတိုးနှုန်းထားဖြင့် ထုတ်ချေးပေးခဲ့ပြီး ချေးငွေပြန်လည်ပေးဆပ်ချိန် သတ်မှတ်ကာလမှာ  စိုက်ပျိုးရေးကဏ္ဍတွင် ရာသီသီးနှံဖြစ်ပါက (၁)နှစ်၊ မွေးမြူရေးကဏ္ဍတွင် ကျွဲ၊ နွားဖြစ်ပါက(၃)နှစ်၊ အခြားတိရစ္ဆာန်ဖြစ်ပါက (၁)နှစ်၊ MSME ကဏ္ဍတွင် (၃)နှစ်ဟူ၍ အသီးသီးသတ်မှတ်ပေးထားကြောင်း၊ သတ်မှတ်အတိုးနှုန်းထားနှင့် အရစ်ကျငွေများကို (၆)လတစ်ကြိမ် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြို့နယ်နိုင်ငံ့စီးပွာမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)