အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်

အောင်လံ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၁၀) စက်မှုလယ်ယာစခန်းရုံးတွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးလက်ဒေသနေ တောင်သူလယ်သမားများအား လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ လယ်ယာလုပ်ငန်းကိုအခြေပြုပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်ကြသည့် တောင်သူလယ်သမားများမှာ လူအများစုဖြစ်ပြီး လယ်ယာလုပ်ငန်းသည် နိုင်ငံတော်ရဲ့ အဓိကကုန်ထုတ်လုပ်ငန်းကြီးတစ်ခု ဖြစ်ပါသည်။ သင်တန်းသားများအနေဖြင့် အခုသင်တန်းမှ ပို့ချသောသင်ယူရရှိမည့် အခြေခံပညာရပ်များကို မိမိကျေးရွာပြန်ရောက်တဲ့အခါ လက်တွေ့အသုံးချနိုင်အောင် အလေးထားသင်ယူစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှာ ခေတ်မှီလယ်ယာသုံး စက်ကိရိယာများအား ကျွမ်းကျင်တက်မြောက်စွာ အသုံးချ၍ မိမိတို့မိသားစု၊ မိမိတို့ ရပ်ရွာပြည်သူများ၏ လူမှုစီးပွားဘဝကို မြင့်မားလာအောင် ကြိုးစားလုပ်ဆောင်ကြရန်နှင့် နိုင်ငံတော်ရဲ့ စက်မှုလယ်ယာကူးပြောင်းရေး တာဝန်များကို ထမ်းဆောင်နိုင်ကြပါစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးတိုးသီလက စက်မှုလယ်ယာကူး ပြောင်းမှုအခြေအနေများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သင်တန်းသားများအား သင်ထောက်ကူပြုသင်တန်းမှတ်စုစာအုပ်များပေးအပ်ပြီး သင်တန်းတွင်သင်တန်းသား(၃၀)ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၂၂ ရက်နေ့ထိ (၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးသိန်း(ပြန်ဆက်)