ပွင့်ဖြူမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းအရှိန်အဟုန်မြှင့် ဆောင်ရွက်

ပွင့်ဖြူ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်မှုကင်းဝေးစေရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ပလတ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းကို ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။

ယနေ့နံနက်ပိုင်းက ပလတ်စတစ်သုံးစွဲမှုလျော့ချရေး လူထုလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးရှိ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ပလတ်စတစ်ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်း၏ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုးကျိုးဖြစ်စေမှုများကို အသိပညာပေးဆွေးနွေးဟောပြော၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ်များ အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ကို အခမဲ့လိုက်လံဖြန့်ဝေ ပေးခဲကြောင်း သိရသည်။ 

အဆိုပါ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာဈေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အပတ်စဉ် တနင်္လာနေ့တိုင်း မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့မစည်ပင်သာယာဈေးနှင့် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတို့ရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ဈေးရောင်းဈေးဝယ်ပြုလုပ်ရာ၌ သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ထိခိုက်မှုကင်းဝေးရေး ပလတ်စတစ်ပစ္စည်းအစားထိုး ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ကိုသာ သုံးစွဲသွားရန် အသိပညာပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့်ရရှိလာမည့် ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခြင်းတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)