မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဆောင်ရွက်

အထက်မင်းလှ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင်ကာသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့်စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးအပြင်ဘက် ဥပုသ်‌ဈေးတွင် ဈေးရောင်းစျေးဝယ် ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှုမရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအားညစ်ညမ်း‌စေခြင်း၊ သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်စသည့် ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်၊ အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာရှိနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)