မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မကွေး ဒီဇင်ဘာ ၁၁

ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ အခြေခံဝန်ဆောင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ရှိ Win Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးကို ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၂၃ နိုဝင်ဘာလအထိ (၁၆၅၆၉၆၃)ဦး ဝင်ရောက်ခဲ့သဖြင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄၈ ရာခိုင်နှုန်း တိုးတက်ခဲ့ရသည်ကို တွေ့ရှိရပါကြောင်း၊ ခရီးသွားဧည့်သည် တိုးတက်လာသည်နှင့်အမျှ တည်းခိုနေထိုင်ရေး၊ အစားအသောက်၊ လည်ပတ်စရာနေရာများ၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ လက်ဆောင်ပစ္စည်းလုပ်ငန်းများမှာလည်း ဈေးကွက်ကျယ်ပြန့်လာပါကြောင်း၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာခြင်းဟာလည်း အရေးပါသည့်အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ F&B(service)တွင် အဓိကအရေးကြီးမှုသည် သန့်ရှင်းမှုဖြစ်ပါကြောင်း၊ အစားအစာထားရှိမှု၊ ကိုင်တွယ်မှု၊ နည်းစနစ်တကျ ဧည့်ခံကျွေးမွေးမှုတို့သည် ဧည့်ဝန်ဆောင်မှုလုပ်ငန်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများမှလည်း စမတ်ကျကျနှင့် သန့်ရှင်းသပ်ရပ်စွာ မိမိကိုယ်ကို ယုံကြည်မှုပြည့်ဝစွာနှင့် ဧည့်သည်အား ဝန်ဆောင်မှု ပေးရမှာဖြစ်ပါကြောင်း၊ ဧည့်ဝန်ဆောင်မှုပြုသူများသည် ဧည့်သည်ရဲ့ မေးမြန်းတောင်းဆိုမှုများကိုလည်း လျင်မြန်စွာ တုံပြန်ဖြေကြားပေးနိုင်မှသာလျှင် ဝန်ဆောင်မှုများ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်တဲ့ သင်တန်းတွင် အတွေ့အကြုံပြည့်ဝသည် ဆရာများမှ သင်ကြားပြသွားမည်ဖြစ်၍ ဒီနေ့သင်တန်းကို တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဝန်ဆောင်မှုအစိတ်အပိုင်းများနှင့် Etiqutteများကို ဂရုတစိုက် ကြိုးစားသင်ယူပြီး လုပ်ငန်းခွင်မှာ လက်တွေ့ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးဇော်လွင်ထက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြဦးအောင်ကျော်သူက သင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က သင်တန်းအတွက် သင်ရိုးညွှန်းတမ်း စာအုပ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအားက လက်ခံရယူခဲ့ပြီး အဆိုပါ သင်တန်းကို မကွေးမြို့ပေါ်ရှိ ဟိုတယ်နှင့်စားသောက်ဆိုင်များမှ သင်တန်းသား၊ သင်တန်းသူ (၄၀)ဦးအား သင်တန်းနည်းပြတစ်ဦးက ဟိုတယ်နှင့်စားသောက်ဆိုင်လုပ်ငန်းများအတွက် အစားအသောက်ဆိုင်ရာ လုပ်ငန်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်သည်။

ထို့နောက် အခမ်းအနားအပြီးတွင် စီးပွားရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက Win Hotel အတွင်းရှိ ဧည့်သည်များတည်းခိုနိုင်ရေး အခန်းများစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)