ရွှေတောင် အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်း ပို့ချခြင်းကို ယမန်နေ့ နံနက် (၉)နာရီက အထက (ရွှေတောင်) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါရွေးကောက်ပွဲဆိုင်ရာသင်တန်းတွင် မဲရုံပေါင်း(၁၁၇)ရုံမှ သင်တန်းသား/သင်တန်းသူ(၂၃၄) ဦး အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အခန်းများ(ခွဲ)၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိတို့မှ မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လက်စွဲစာအုပ်ပါအချက်များ၊ လုပ်ငန်းလမ်းညွှန်ချက်များ စသည်တို့ကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
ရွှေတောင်မြို့နယ်တွင် မဲရုံပေါင်း (၁၁၇) ရုံမှ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး (၂၃၄)ဦးတို့အား အောက်တိုဘာ လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ (၃)ရက်ခွဲ၍ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)