ပွင့်ဖြူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရန်အတွက် စားတော်ပဲသီးနှံစိုက်ဧက ၃၁၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ ဧက ၂၇၇၃ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ပဲမျိုးစုံသီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ဖို့နဲ့ စားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး တစ်မြို့နယ်လုံး စားတော်ပဲသီးနှံစိုက်ဧက ၃၁၈၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ မြေပြင်စိုက်ပျိုးနိုင်မှုဧက ၂၇၇၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ဆောင်းသီးနှံစားတော်ပဲကို ဒေသခံတောင်သူတွေက နိုဝင်ဘာလ ပထမပတ်က စတင်စိုက်ပျိုးခဲ့တာဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းမှုလဲရှိပါတယ်။ နောက်ပြီး စားတော်ပဲသီးနှံဟာဆိုရင် ပြည်တွင်းစားသုံးမှုများတဲ့ သီးနှံဖြစ်လို့ ဈေးကွက်ရှိပြီး တောင်သူတွေအတွက် သီးနှံဝင်ငွေလဲ တွက်ခြေကိုက်ပါတယ်။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက နှစ်စဉ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ စားတော်ပဲသီးနှံကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
ပွင့်ဖြူမြို့နယ်၌ စိုက်ပျိုးရေဖူလုံမှုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုကြောင့် ဒေသခံတောင်သူများက (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် စားတော်ပဲသီးနှံအပါအဝင် ကုလားပဲ၊ ထောပတ်ပဲ၊ မတ်ပဲ၊ ပဲကြီး၊ ပဲလွမ်း ၊ ပဲကြား၊ ပဲနောက်၊ ပဲယင်း၊ ပဲပုတ် စသည့် ပဲမျိုးစုံသီးနှံ ၃၈၀၈၄ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ စားတော်ပဲသီးနှံစိုက်ပျိုးခြင်းကို သတ်မှတ်လျာထား ဧကပြည့်မီရေးအတွက် ဒေသခံတောင်သူများက ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)