ပွင့်ဖြူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာနေပြည်သူများ ရာသီမရွေးသောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅ ဒသမ ၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် Shwe Group ကုမ္ပဏီမှတာဝန်ယူ၍ ယခုနှစ် ဇွန်လ ၂၀ ရက်နေ့ကစတင်ကာ မြေအောက်အနက်ပေ ၃၀၀ ရှိ လေးလက်မခွဲ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် ဂါလန် ၂၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ အကျယ်အဝန်း (၅ ပေ ×၅ ပေ ×၇ ပေ) ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် Chain Link ခြံစည်းရိုးကာရံခြင်းလုပ်ငန်း စသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။ ယင်းဆောင်ရွက်ပြီးစီးသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းအား ဒေသခံပြည်သူများ ရာသီမရွေးသောက်သုံးရေအဆင်ပြေစေရေး ရေရှည်တည်တံ့ကောင်းမွန်အောင် စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားရန် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာရေကော်မတီဝင်များနှင့် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားထားကြောင်း သိရသည်။
ယခုအခါ ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၆၃၄ အိမ်၊ လူဦးရေ ၃၃၁၈ ဦးအတွက် ရာသီမရွေးသန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲခွင့်ရရှိပြီဖြစ်ရာ ဒေသခံပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရန်နှင့် လယ်ယာသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ကျေးလက်ရေရရှိရေးလုပ်ငန်း(၂)ခုနှင့် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )