မော်လမြိုင်ကျွန်းမြို့နယ်၌ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိသူ ၁၇ ဦး ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံဆင်း

မော်လမြိုင်ကျွန်း  အောက်တိုဘာ ၂၆

မော်လမြိုင်ကျွန်းမြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးတွင်ဆေးကုသမှု့ခံယူနေသည့် ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ လူနာများထဲမှ ယမန်နေ့ နေ့လယ်တွင် ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ၁၇ ဦးဆင်းခွင့်ရရှိခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများထဲတွင် မဘေကျေးရွာအုပ်စုမှ အသက်၈ဝနှစ်ကျော်နှစ်ဦးနှင့် ကလေးငယ် တစ်ဦးပါဝင်ပြီး အားလုံးကျန်းမာရေးကောင်းမွန်လျက် ရှိသည်။

အဆိုပါဆေးရုံဆင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်မင်းဌေးနှင့် ကော်မတီဝင်များက သွားရောက်ကြိုဆို အားပေးကြပြီးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာစန်းဝင်းက ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာမိမိ နေအိမ်တွင် Stay at home နေရမည့်စည်းကမ်းချက်များကိုရှင်းလင်းပြောကြားပြီး ဆေးရုံဆင်းသူများအား မြို့နယ် ကြက်ခြေနီ အသင်းက အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးသည်။

ယမန်နေ့ နေ့လယ်ပိုင်းထိ မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ ကျား၊မ ပေါင်း (၆ဝ)ဦးရှိပြီး မြို့နယ်ကုတင်(၁ဝဝ) ဆေးရုံကြီးတွင်ယနေ့ နေလယ်ပိုင်းထိပိုးတွေ့လူနာ (၂၈ ) ဦးသာ ကျန်ရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသပေးလျက်ရှိသည်။ ကုသဆဲလူနာများမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိပြီး ဆေးရုံဆင်းသူ ကျား၊မစုစုပေါင်း(၃၂)ဦးရှိပြီဖြစ်ကြောင်း သိရှိရသည်။

သီတာအောင်(ပြန်ဆက်)