စေတုတ္တရာ အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ စိုက်ပျိုးထားသော ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ မွန်ဇော်အုပ်စုရှိ မျိုးစေ့ ထုတ် စိုက်ခင်းများတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ မျိုးစေ့ထုတ်စိုက်ခင်းများကွင်းဆင်းစစ်ဆေးခြင်း(Activities of Field Inspection)ဆောင်ရွက် ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ဘက်စုံအဆင့်မြင့်နည်း ပညာသုံး စံပြ ကျေးရွာ မွန်ဇော်အုပ်စုရှိ မျိုးစေ့ထုတ် စိုက်ခင်းများတွင် ပင်ပွားကျာဘမ်းယူခြင်း၊ မျိုးကွဲရှိ/မရှိ စစ်ဆေးခြင်း၊ မှိုသီးရောဂါကျရောက်သော အပင်အနှံများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ပေါင်းမြက်များရှိ/မရှိ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာ မွန်ဇော်အုပ်စုတွင် မျိုးစေ့ထုတ် သမဝါယမ အသင်းမျိုးစေ့ထုတ်စိုက်ခင်းဧက (၂၇)ဧကနှင့် အကျိုးဆောင်တောင်သူမျိုးစေ့ ထုတ် စိုက်ခင်း ဧက(၁၀)ဧက စုစုပေါင်း မျိုးစေ့ထုတ်စိုက်ခင်းဧက(၃၇)ဧကရှိပြီး စပါးမျိုးများအနေဖြင့် ဧရာမင်း၊ ဆင်းသုခ၊ ထိုင်းနှံ ကောက်နှင့်မနောသုခစပါးမျိုးများစိုက်ပျိုးထားကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP)အစီအစဉ်အရ မျိုးစေ့ထုတ် စိုက်ခင်း ဧက(၁၀၀) ဆောင်ရွက်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက မျိုးစေ့ထုတ် စိုက်ခင်း များတွင် မျိုးကွဲနုတ်ပယ်ခြင်းများ၊ အပင်ဖြစ်ထွန်းမှုအခြေအနေများနှင့် ပိုးမွှားကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် မျိုးစေ့ ထုတ်စိုက် ခင်းများ ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ခြင်း၊ ထွက်ရှိလာသည့် ဆန်အရည် အသွေး ကောင်းမွန်ခြင်း၊ ဈေးကောင်းရရှိခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)