ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း၊ အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ်

လွိုင်ကော် အောက်တိုဘာ ၂၆

ကယားပြည်နယ် ၊ ဘောလခဲခရိုင် ၊ ဘောလခဲမြို့နယ်အတွင်းရှိ ကျေးရွာဘုန်းတော်ကြီးကျောင်း အသစ်ပြန်လည် မွမ်းမံတည်ဆောက်ရန် ၊  အားကစားကွင်းနှင့် ဘောလုံးကွင်းကြမ်း ဖောက်လုပ်နိုင်ရန် အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ဘောလခဲမြို့နယ် ၊ ဝမ်မလန်းကျေးရွာဟောင်း ၊ သဲတောင် ဘုန်းတော် ကြီးကျောင်းအား အသစ်ပြန်လည်မွမ်းမံတည်ဆောက်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၃၀) ၊ ဘောလခဲမြို့နယ် ရေနီပေါက်ကျေးရွာတွင် အားကစားကွင်း ဖောက်လုပ်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀) နှင့် ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာတွင် ဘောလုံးကွင်းကြမ်း ဖော်ထုတ်ရန်အတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀) ၊ စုစုပေါင်း ထောက်ပံ့ငွေကျပ်သိန်း(၇၀)အား ပေးအပ်ရာ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးနှင့် ဘောလခဲမြို့နယ် အုပ်ချုပ်ရေးမှူး တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)