ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သမန်းကြီး-ကုက္ကိုစမ်း ညံတောအင်းကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကျေးလက်ဒေသအတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်း အချိန်က မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော သမန်းကြီး-ကုက္ကိုစမ်း-ညံတောအင်းကျေးရွာချင်းဆက်လမ်းသည် လမ်းအရှည် ၃/၆ မိုင်မြေသားတာ ဘောင်ချဲ့၍ မြေနီကျောက်စရစ် ၁၈ ပေ အကျယ် ၈” ထုခင်းကြိတ်ခြင်း လုပ်ငန်းအား တင်ဒါအောင်မြင်ငွေ ၁၂၆.၉ ကျပ်သန်းဖြင့် Victory Smile Family ကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသင်းမင်းလတ်မှ ရှင်းလင်းတင်ပြခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာအတွင်းရှိ အိမ်ထောင်စု(၁၀၀၉)စုနှင့် လူဦးရေ (၄၀၃၆)ဦးအတွက် ဒေသခံ ကျေးလက်နေ ပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ စိုက်ပျိုးသွားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)