ကြာအင်းဆိပ်ကြီး၊ အောက်တိုဘာ ၂၆
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူး ဒုတိယမဲရုံမှူးများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၅)ရပ်ကွက် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်း၌ ကျန်းမာ ရေးလမ်းညွှန်ချက်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးဆင့်ပွားသင်တန်းကို ဆက်လက် ပို့ချလျက် ရှိသည်။
အဆိုပါသင်တန်းတွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာဘာသာရပ်များဖြစ်သည့် ရပ်/ကျေးကော်မရှင် အဖွဲ့ဝင်များ၏အခန်းကဏ္ဍနှင့် မဲရုံထွင့်လှစ်ရန်ကြိုတင်ပြင်ဆင်ခြင်း ကြိုတင်ဆန္ဒမဲပေးခြင်း မီဒီယာနှင့် စောင့်ကြည့်လေ့လာသူများစီမံခန့်ခွဲခြင်း ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးအစီအမံများ မဲရုံ ဝန်ထမ်းများ၏အခန်းကဏ္ဍနှင့်တာဝန်ဝတ္တရားများ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုပြစ်ဒဏ်များ တရားမဲ့ပြုကျင့်မှုများ မဲရုံပိတ်ခြင်း မဲရေတွက်ခြင်း ရလဒ်ဇယားများအားဖော်ပြခြင်းနှင့် မဲရုံပုံစံသရုပ်ပြခြင်းတို့ကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများနှင့် သက်ဆိုင်ရာသင်တန်းနည်းပြများက စနစ် တကျပို့ချခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး (ပြန်/ဆက်)