မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဘွဲရမောင်/မယ်များအား ဩဝါဒစကား မြွက်ကြား

မကွေး ဒီဇင်ဘာ ၉

မကွေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်၍ မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပလျက်ရှိပြီး မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ဘွဲရမောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဩဝါဒစကား မြွက်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မကွေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေး တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများ နှင့် ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဘွဲ့ရမောင်မယ် အပေါင်းတို့ မကွေး တက္ကသိုလ်ဟာ ဥပစာကောလိပ်၊ ကောလိပ်နှင့် ဒီဂရီကောလိပ် စသည့် ဘဝအဆင့်ဆင့်ကို ကျင်လည် ဖြတ်သန်းခဲ့ပြီးမှ တက္ကသိုလ်အဆင့်ကို ရောက်ရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၉၄ ခုနှစ်မှာ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ မကွေးဒီဂရီကောလိပ်ကို တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ဖွဲ့စည်းခွင့်ပြုတဲ့အတွက် မကွေးတက္ကသိုလ်လို့ တင့်တင့်တယ်တယ် ဝင့်ထည် စွာ ပေါ်ထွန်းလာခဲ့ပြီး ၁၉၉၅ ခုနှစ် မတ်လ ၉ ရက်နေ့မှာ မကွေးတက္ကသိုလ် ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုဆိုလျှင် မကွေးတက္ကသိုလ်ဟာ တက္ကသိုလ်ဖြစ်သည့် သက်တမ်းမှာ(၂၉)နှစ် ရှိပြီဖြစ်ရာ၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ (၁၇၁၅၀ ဦး) ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့ (၃၆၈၁ ဦး)၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့(၃၈၃၅ ဦး)နဲ့ မဟာသုတေသနဘွဲ့(၂၇၅ဦး)တို့ကို မကွေးတက္ကသိုလ်က ဘွဲ့များအသီးသီး ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခါ မကွေးတက္ကသိုလ် ကြီးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါရဂူဘွဲ့ အကြိုသင်တန်း မြန်မာစာ ဘာသာရပ်နဲ့ ဘူမိဗေဒဘာသာရပ်များကို ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မကွေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်မှာ မကွေးတက္ကသိုလ်နဲ့ ရေနံချောင်း ဒီဂရီ ကောလိပ်များမှ ဘွဲ့ရမောင်မယ် များကို မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့၊ ဥပဒေဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ သိပ္ပံဂုဏ်ထူးဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့များအသီးသီး အပ်နှင်းသွားမှာဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ဟာ အမိတက္ကသိုလ်က လေ့ကျင့်ပြုစု ပျိုးထောင်ပေးလိုက်တဲ့ စိတ်ဓာတ်ရင့်ကျက်တည်ကြည်မှု၊ စည်းကမ်း ထိန်းသိမ်းလိုက်နာမှု၊ ပညာရည်ပြည့်ဝမှုဆိုတဲ့ နှလုံးလှ စိတ်ထားနဲ့ အရာရာကို အမှားအမှန် ဝေဖန်တွေးခေါ် ဆုံးဖြတ်ပြီး မိမိတို့ထမ်းဆောင်ရမယ့် တာဝန် ဝတ္တရားများကို အပြု သဘောစိတ်နဲ့ ကျေပွန်စွာ ထမ်းဆောင်ကြဖို့၊ ကိုယ့်ကျင့်တရား ကောင်းမြတ်မှုနဲ့ မွန်မြတ်သော ပညာရှာမှီးမှုတို့ကို စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပြီး ထိုးထွင်းကြံဆ ဖန်တီးနိုင်တဲ့ နိုင်ငံ တကာအဆင့်မီ ပညာရှင်များဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆည်းပူးလေ့လာ အားထုတ်ကြ ပါလို့ ပြောကြားလိုကြောင်း၊ နိုင်ငံတော်အတွက် အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်း အမြစ်များ ဖြစ်ထွန်းလာစေရေးအတွက် ဘက်စုံပညာ ထူးချွန်တဲ့ မောင်မယ်များကို လေ့ကျင့်ပြုစု ပျိုးထောင်ပေးရေးဟာ နိုင်ငံအတွက် အရေးပါသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်သလို၊ နိုင်ငံတော် အကြီးအကဲ၏ ပညာတတ်ပေါများရေး လမ်းညွှန်ချက်နဲ့ အညီ အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူနိုင်မှု အခွင့် အလမ်းရရှိရေးကို အလေးထားကာ ဆက်စပ်ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလ တိုင်းပြည်တာဝန်များကို ပခုံးပြောင်း တာဝန်ယူကြမည့် ဘွဲ့ရမောင်မယ် များအား လူကောင်းလူတော်များဖြစ်လာစေရေးအတွက် မကွေးတက္ကသိုလ်မှ ကိုယ်ကာယ ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီး အသိဉာဏ်ပညာ ထက်မြက်သော၊ အကျင့်စာရိတ္တ ကောင်းမွန် မြင့်မြတ် ပြည့်စုံပြီး လူအများနှင့် သဟဇာတရှိစွာ စုပေါင်းနေထိုင် ပူးပေါင်းဆောင်ရွက်တတ်တဲ့ ကိုယ်ရည် ကိုယ်သွေး မြင့်မားပြည့်စုံသောသူများကို မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ ဘွဲ့ရ မောင်မယ်များကို ပြုစုပျိုးထောင်ရာမှာ အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများ ပြည့်စုံရေး သာမက အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို တန်ဖိုးထား၍ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ချစ်မြတ်နိုးထိန်းသိမ်းလိုသော စိတ်ဓာတ်နှင့် ခံယူချက်များကို မောင်/မယ်များ နှလုံးသွင်းနိုင်ဖို့ သင်ကြားလေ့ကျင့်ပေးလိုက် နိုင်ခြင်းဖြင့် ဘဝတစ်လျှောက်လုံးတွင် လူတော်သာမက လူကောင်းဖြစ်လာစေရန် ရည်ရွယ် ဆောင်ရွက်လျက်ရှိသည့်အတွက် ဘွဲ့ရမောင်မယ်များသည် အခြားသူများထက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ၊ အထွေထွေဗဟုသုတနှင့် အများအကျိုးပြု လုပ်ငန်းများတွင်လည်း ပါဝင် ဆောင်ရွက် ကြဖို့၊ မကွေးတက္ကသိုလ်ကြီးက လုပ်ငန်းခွင်အထောက်အကူပြု ဒီပလိုမာသင်တန်းများ၊ အခြေခံမဟာဂီတ သင်တန်းများ စာပေယဉ်ကျေးမှု ဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ အားကစား ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီးဖြစ်သည့်အတွက် ဘွဲ့ရမောင်မယ်များ အနေဖြင့်လည်း ပညာ ပြည့်ဝ နှလုံးလှပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် စွမ်းဆောင်နိုင်သည့် မောင်မယ်များဖြစ်အောင် ကြိုးစားကြစေ လိုကြောင်းနှင့် မောင်တို့မယ်တို့ လျှောက်လှမ်းရမယ့် အနာဂတ် ဘဝခရီးမှာ လိုရာပန်းတိုင်ကို ချောမောပြေပြစ်စွာ လျှောက်လှမ်းနိုင်ကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း စသည်ဖြင့် သြဝါဒစကား ပြောကြားသည်။

မကွေးတက္ကသိုလ်၏ (၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်တွင် ၂၀၁၉-၂၀၂၀ ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ မကွေးတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာဥပဒေဘွဲ့၊ သိပ္ပံဂုဏ် ထူးဘွဲ့၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့၊ ဥပဒေဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့ရရှိသူများ၊ အဝေးရောက်နှင့် နှစ်ချို့ဘွဲ့ လျှောက်ထားသူများ၊ အဝေးသင်သင်တန်းအတွက် ဥပဒေပညာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ စုစုပေါင်း (၅၀၁၆)ဦးတို့ကို ဘွဲ့များ အသီးသီးအပ်နှင်း သွားမည်ဖြစ်ပြီး ဘွဲ့နှင်းအခမ်းအနားကို (၁-၁၂-၂၀၂၃) ရက်နေ့မှ (၁၆-၁၂-၂၀၂၃) ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ညီညာ