ညောင်လေးပင် ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့် ဆိုလာရေတင်စနစ် (မြေအောက်ရေ) အသုံးပြု၍ ၂၀၂၃-၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးခဲ့သော စံကွက်ရိတ်သိမ်းခြင်းကို စက်မှုလယ်ယာဦးစီးဌာနနှင့် ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀)နာရီက (Auto Fire) စက်ဖြင့် ရိတ်သိမ်း၍ ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ တောင်သူများ ပူးပေါင်း၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ခဲ့ပြီး၊ ကောက်သစ်စားပွဲ ကျင်းပပြုလုပ်ခဲ့သည်။ စံကွက်ရိတ်သိမ်းခဲ့ရာတွင် မိုးစပါးစံကွက် တစ်ဧကလျှင် အစိုထွက် (၁၁၃)တင်း၊ အခြောက်ထွက်မှာ တစ်ဧကလျှင်(၉၆)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ ညောင်လေးပင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားသည့် စပါးစိုက်ခင်းများ ရိတ်သိမ်းပြီးပါက ဆောင်းသီးနှံများဖြစ်သည့် ဆောင်းနေကြာနှင့် ကုလားပဲသီးနှံများ ဆက်လက် စိုက်ပျိုးနိုင်ရေး တောင်သူများအား ဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်ပြန်/ဆက်