မကွေး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီးတွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ ညပိုင်းထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ၉၇ ဦး စံချိန်တင် တွေ့ရှိခဲ့၍ တိုင်းဒေသကြီး၌ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာပေါင်း ၄၇၄ ဦးထိ ရှိလာကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင်က အတည်ပြုပြောကြား သည်။
အောက်တိုဘာလ ၂၅ ရက် ဒီကနေ့ ညပိုင်း NHL results အရ တိုင်းဒေသကြီးက ပိုးတွေ့အတည်ပြု လူနာသစ်(၉၇)ဦး ထပ်မံတွေရှိခဲ့တာပါ၊ တွေ့ရှိခဲ့တဲ့ လူနာတွေက ပွင့်ဖြူ(၃)ဦး၊ မင်းဘူး(၇)ဦး၊ အောင်လံ(၇)ဦး၊ စလင်း (၆)ဦး၊ ရေနံချောင်း (၉)ဦး၊ မြို့သစ် (၃၂)ဦးနဲ့ တောင်တွင်းကြီး (၃၃)ဦးတို့ ဖြစ်တယ်၊ မြို့သစ်မြို့မှာ ထိတွေ့ contact များစွာရှိနေပြီး မင်းဘူး PUI သတိထားစရာပါ၊ တောင်တွင်းကြီး ၊ အောင်လံ ၊ ရေနံချောင်းမြို့များကလည်း ပေါ့ဆလို့မရဘဲ တိုင်းဒေသကြီးတခုလုံး ဂရုပြုဆင်ခြင်ကြရမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းလှိုင်က ပြောသည်။
လက်ရှိမှာ ပိုးတွေ့အတည်ပြုလူနာ(၉၇)ဦး စံချိန်တင်တွေ့ခဲ့၍ တိုင်းဒေသကြီးအတွင်း တိုင်း၊ ခရိုင်၊ မြို့နယ် အသီးသီးက ဆေးရုံများမှာ တက်ရောက် ဆေးဝါးကုသမှုခံယူနေသူ ၂၀၆ ဦးထိ ရှိလာပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံမှ ဆင်းခွင့် ရရှိသူ ၂၆၈ ရှိကြောင်းနှင့် မကွေးတိုင်းဒေသကြီး တွင် ကိုဗစ်ပိုးစံချိန်တင်တွေ့ရှိမှု ၄ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အောက်တိုဘာ ၉ ရက်နေ့က(၆၀)ဦး၊ အောက်တိုဘာ ၁၅ ရက်နေ့တွင်(၅၉) ဦး၊အောက်တိုဘာ ၂၀ ရက်နေ့(၆၃)ဦးနှင့် အောက်တိုဘာ ၂၅ ရက် နေ့တွင် (၉၇) ဦး တို့ကို စံချိန်တင် တွေ့ရှိခဲ့တာဖြစ်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရ သည်။
တိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ် အဝင်/အထွက်များနှင့် ပတ်သက်ပြီး မကွေးမြို့ မြို့ဝင် စစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ် အဝင်/အထွက်များမှ ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များအား စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဝင်ရောက်လာတဲ့ ယာဉ်မောင်း၊ယာဉ်နောက်လိုက်များကို ကျန်းမာရေး စစ်ဆေးခြင်း စာရွက်စာတမ်း အထောက်အထားများ စစ်ဆေးခြင်းကို ဆောင်ရွက်ပြီး၊ ပြန်လည် ထွက်ခွာမည့် ယာဉ်မှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kits ဖြင့် Swab များရယူ စစ်ဆေးခြင်း ဆောင်ရွက်ရာ အောက်တိုဘာ ၂၄ ရက်နေ့တွင် ယာဉ်မောင်း၊ယာဉ်နောက်လိုက် (၆၄)ဦးနှင့် ၂၅ ရက်နေ့တွင်(၅၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်မှုအရ ၎င်းတို့ အားလုံးမှာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)