ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာ အ.လ.က (ခွဲ) တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငဖဲ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ကျောင်းသားကျောင်းသူလူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန် ပြည်စုံစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ပေါင်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပေါင်းကလေးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းအုပ် ဆရာကြီး ဦးအုန်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွား စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်၊  ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်၍ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာပြောဆိုတတ်စေရန်နှင့် အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာများကို ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-9 မှ မောင်အောင်သက်ပိုင်က လူငယ်နှင့် ပညာရေး၊ မယွန်းနဒီကို က လူငယ်နှင့်စာပေ၊ မရွှန်းပြည့်ပိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ မယွန်းမီမီအောင်က လူငယ်နှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)