ပွင့်ဖြူ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် မြေသားလမ်း အရှည်ပေ ၇ ဖာလုံအား ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်အတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးဘတ်ဂျတ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်နှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၁၆ ဒသမ ၈၅ သန်းဖြင့် ပွင့်ဖြူမြို့နယ် ညောင်ပင်ကျေးရွာ မြေသားလမ်းအရှည်ပေ ၇ ဖာလုံအား လမ်းအကျယ် 3.66 m ၊ လမ်းအမြင့်ထု (150mm×150mm×75mm) ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ခံအင်ဂျင်နီယာများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက ကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာသွားလာနိုင်ရန်နှင့် ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီအောင်နှင့် အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။
ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ မြေသားလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ၈၂ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ယင်းကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးလက်နေပြည်သူအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည့်အပြင် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်မိမိလွင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)