မကွေး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊မကွေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအောက်ရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်နေသည့် ကျေးရွာများအနက် အောက်တိုဘာ ၂၄ ရက်နေ့ ညနေပိုင်းက မကွေးမြို့နယ် ဖုတ်ကုန်းကျေးရွာအုပ်စု လျောင်းတော်ဦးကျေးရွာတွင် လျှပ်စစ်မီးလင်းပေးနိုင်ခဲ့ပြီး ကျေးရွာမီးလင်းရေး အောင်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် ထံက သိရ သည်။
အဆိုပါကျေးရွာမီးလင်းရေးအောင်ပွဲ အခမ်းအနားကို မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသ ကြီး အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင် ၊ ဖုတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊မီးလင်းရေးကော်မတီ ဥက္ကဌ ဦးကျော်မြိုင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး မီးလင်းရေးအောင်ပွဲ အခမ်းအနား ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေးတို့က အမှာစကား အသီးသီးပြောကြားပြီး၊ မကွေးမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ် အန္တရာယ် ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ၊မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ သည်။
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း(NEP)ကို ၂၀၁၅ ခုနှစ်မှစတင်ပြီး၊ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ခုနှစ်အတွင်း တနိုင်ငံလုံးရှိတဲ့ ကျေးရွာတွေ ဓာတ်အား ရရှိရေးစီမံချက်ဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ အဆိုပါကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် (၁၁)ကေဗွီ လိုင်း(ဝ.၅)မိုင်နှင့် ကျေးရွာတွင်း ၄၀၀ ဗို့လိုင်း ၅၂၀၀ ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေနှင့် စတင်တည်ဆောက်ခဲ့ပြီး၊(၁၁/ဝ.၄)ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော် မာ(၂)လုံးကို ယခု အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)အနေနဲ့ တာဝန်ယူတပ်ဆင် ပေးခဲ့တာ ဖြစ်ကြောင်း၊ နေအိမ်တွေ အိမ်သုံးမီတာ လျောက်ထားတပ်ဆင်ခြင်းကို ဆက်လက် ဆောင်ရွက်သွား မည်ဖြစ် ကြောင်းနှင့် မီတာအားလုံးတပ်ဆင်ပြီးပါက ကျေးရွာရှိတဲ့ အိမ်ခြေ(၃၆၀)ကျော်ကို မီးလင်းပေး နိုင်မှာ ဖြစ်ကြောင်း မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်ထံက သိရသည်။
သန်းနိုင်ဦး(ငဖဲ)