မကွေး ဒီဇင်ဘာ ၈
လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတက်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)တို့ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)ရှိ မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်(သင်ကြား) ဆရာမကြီး ဒေါ်သဉ္ဇာလင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မကွေး)မှ သူနာပြုသင်တန်း ပထမနှစ် ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် မသီရိနိုင်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှေဇင်မင်းမှ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှေမွန်ဝင်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မယဉ်မေမြင့်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ကျော်ဇင်ထွန်းက လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဝေယံဖြိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ပြီး အခမ်းအနားသို့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (မကွေး)မှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)