ဒေးဒရဲ ဒီဇင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အခြေခံပညာဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ (တတိယနေ့)အဖြစ် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့မဘောလုံးကွင်းနှင့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတို့တွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူရည်ချွန်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိရာ (Grade- 9) တွင် ကျောင်းသား၊ ကျောင်းသူ (၈)ဦး၊ (Grade-10)တွင် ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ (Grade-11)တွင် ကျောင်းသား၊ ကျောင်းသူ(၆)ဦးနှင့် (Grade -12)တွင် ကျောင်းသား၊ ကျောင်းသူ(၂)ဦး စုစုပေါင်း(၂၂)ဦးက ကျောင်းတွင်းဘာသာရပ်အပြင် ကိုယ်ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဖြစ်သည့် မီတာ (၁၀၀) အမျိုးသား၊၊ အမျိုးသမီး၊ မီတာ (၈၀၀)အမျိုးသား၊ မီတာ (၄၀၀) အမျိုးသမီး၊ ရပ်လျက်အလျားခုန် အားကစားနည်းများကို မြို့မဘောလုံးကွင်းနှင့် လက်ထောက်မှောက်တွန်းတင်၊ အိပ်ထမတင် အားကစားနည်းများကို ကရဝိက်ခန်းမတို့တွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စာမေးပွဲများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့မှ (၈) ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတဘာသာရပ်များနှင့် လူတွေ့နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးခြင်းများကို အေးချမ်းစွာ ဖြေဆိုပြီးစီးရေးအတွက် မြို့နယ်ပညာရေးမှူး ဦးလှစိုး ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးဌာနက သိရသည်။
အေဇာလင်း