မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ခွင့်ပြုငွေဖြင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ ဆောင်ရွက်လျက်ရှိသော  နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်း ဆောက်ရွက်နေမှု၊ တည်ဆောက်ပြီးစီးမှုနှင့် လုပ်ငန်းများ စတင်စမ်းသပ်လည်ပတ်နေမှု အခြေအနေများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၆ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ဒေသတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတောင်သူများ၏ လူမှုစီးပွာဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ဦးစားပေးပြီး နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အတူ ရေအရင်းမြစ်ရရှိနိုင်သော နေရာဒေသများကို ရှာဖွေဖော်ထုတ်ပြီး ဒေသခံတောင်သူများ သီးနှံမျိုးစုံကို ရာသီမရွေး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိအောင် ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်း၊ ယခုလို ဆောင်ရွက်ပေးမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီများကလည်း လုပ်ငန်းများ ရေရှည်လည်ပတ်နိုင်ရေး အရည်အသွေးပြည့်မီသော ပစ္စည်းများအသုံးပြု၍ စနစ်တကျဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများကလည်း တောင်သူအစုအဖွဲ့များ စုဖွဲ့၍ စိုက်ပျိုးရေများကို စနစ်တကျ သုံးစွဲသွားရန်နှင့် သုံးစွဲသည့် ရေအခွန်ငွေများကိုလည်း လစဉ် စနစ်တကျ ပေးဆောင်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဆိုလာစနစ်ကို တပ်ဆင်သုံးဆွဲနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို လျော့ချနိုင်မည့်အပြင် မီတာယူနစ် ကုန်ကျစရိတ်သက်သာခြင်းနှင့် စိုက်ပျိုးရေရယူရာတွင် စဉ်ဆက်မပြတ် ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခြင်းတို့အတွက် ဒေသခံတောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း စသည်ဖြင့် မှာကြားပြီးနောက် လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)က မင်းဘူး(စကု)မြို့နယ် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်း၌ နေရောင်ခြည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် တွဲဖက်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၅၅၉ ဒသမ ၆၉ ကျပ်သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် Capacity Build Engineering Co.Ltd (CBE) ကုမ္ပဏီမှ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သည့်အတွက် ယခုအခါ လုပ်ငန်းများစတင်၍ စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ တာဝန်ခံဦးစီးအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး (၂၁၅)ကီလိုဝပ် ဆိုလာဓါတ်အားပေးစနစ် ဖော်ဆောင်နိုင်ခဲ့သည့်အတွက် အကျိုးပြုဧရိယာ (၇၅၅) ဧကအနက် ၂၀၂၃-၂၀၂၄ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၅၂၅ ဧကနှင့် အခြားသီးနှံ ၂၃၀ ဧကတို့ကို စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် နွေစပါး ဧက ၂၀၀နှင့် အခြားသီးနှံ ဧက ၄၀၀ ကို လျာထားစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး စိုက်ပျိုးရေများ စတင်ဖြန့်ဝေဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)