မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး

မကွေး ဒီဇင်ဘာ ၈

(၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် RCC တစ်ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မကွေးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းရှိ အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ  အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းဆောင်သစ် (၁၈၄)ဆောင်ကို ဆောက်လုပ်ဖြည့်ဆည်းပေးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၃၅၇၄ ဒသမ ၉၁၂)ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး (၇၅)ရာခိုင်နှုန်းပြီးစီးခဲ့ပါကြောင်း၊ ကျန်ရှိသော (၂၅)ရာခိုင်နှုန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရေး  ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၄၂၁၁ ဒသမ ၀၉၁)ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုကျောင်းဆောင် အပါအဝင် ကျောင်းဆောင်သစ် (၁၇၅)ဆောင်အား ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံမှာ ပညာရေးစနစ်တစ်ခုမြင့်မားလာစေရန် မြှင့်တင်ပေးဖို့ လိုအပ်ချက်နှင့်အညီ ပညာရေးအရင်းအမြစ် ဖြစ်သော ကျောင်းအဆောက်အဦများ သင်ကြားရေးအထောက် အကူပြုပစ္စည်းများ၊ ရေကောင်းရေသန့် ရရှိရေးအစီအမံများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အထူးအလေးထား ကြိုးပမ်းဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် KG+12 ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် KG မှစ၍ Grade 12 အထိ သင်ရိုးသစ်ဖြင့် သင်ကြားနေပြီဖြစ်ပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးတဲ့ ကျောင်းဆောင်သစ်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ခိုင်ခန့်လုံခြုံမှုရှိသည့် စာသင်ခန်းများတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်တော့မှာ ဖြစ်ပါကြောင်းနှင့် ကျောင်းဆောင်သစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများက ထိန်းသိမ်းဆောင်ရွက်ပေးသွားရန်လိုကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြင့်မိုရ်စံထား ဆောက်လုပ်ရေးကုမ္ပဏီက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား  လှည့်လည်ကြည့်ရှုခဲ့သည်။

အဆိုပါကျောင်းဆောင်သစ်သည် (၁၂၀ × ၃၀)ပေ RCC (၁)ထပ် ကျောင်းဆောင်သစ် အမျိုးအစားဖြစ်ကာ အခန်း(၄)ခန်းပါဝင်ပြီး ပညာရေးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၃၇ ဒသမ ၅၉၂)ဖြင့် မြင့်မိုရ်စံထား ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)