စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အကောင်အထည် ဖော်ဆောင် ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ကန့်ဘလူ အောက်တိုဘာ ၂၆


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအုပ်စု အိုင်ပေါင်း ချောင်ကျေးရွာ၌ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း SMU ကို တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါ အိုင်ပေါင်းချောင်ကျေးရွာရှိ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ် သုံးမျိုးဖြစ်သည့် လူနေမှုပတ်ဝန်းကျင်တိုးတက်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဝင်ငွေတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
လူနေမှုပတ်ဝန်းကျင်တိုးတက်ရေးအတွက် ငွေကျပ်သိန်း ၁၅၀ ၊စွမ်းဆောင်ရည်မြှင့် တင်ရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀ ၊ဝင်ငွေတိုးတက်ရေးအတွက် ငွေကျပ်သိန်း ၁၂၀ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်းကော်မတီဥက္ကဌ ဦးကျော်စိန်ထံ မှသိရသည်။
လူမှုပတ်ဝန်းကျင်တိုးတက်ရေးအနေဖြင့် ကျေးရွာတွင်းလမ်းအရှည် ၂၁၀၀ ပေ၊အကျယ် ၁၂ ပေကို မြေနီဂျင်းကျောက်ချောလမ်းခင်းခြင်းဖြစ်ပြီး  လမ်းကုန်ကျငွေ စုစုပေါင်းသည် ကျပ် ၁၉၃ သိန်းရှိကာ တိုင်းဒေသကြီးမှထောက်ပံ့ငွေကျပ်သိန်း ၁၅၀ နှင့်ကျေးရွာပြည်သူများ လှူဒါန်းငွေကျပ် ၄၃ သိန်းတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းအနေဖြင့်စိုက်ပျိုးရေး၊မွေးမြူရေး၊ကျန်းမာရေး၊အိမ်တွင်းမှုသက်မွေးဝမ်းကျောင်း ပညာပေးသင်တန်းများ၊လေ့လာရေးသွားရောက်ခြင်းများကို ငွေကျပ် သိန်း ၃၀ ဖြင့်လည်းကောင်း၊ ဝင်ငွေတိုးတက်ရေးလုပ်ငန်းအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများအား အိမ်ထောင်စု တစ်စု လျှင်ငွေကျပ် တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၀၀ ကိုထုတ်ချေးပေးခဲ့သည်။အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူအိမ်ထောင်စု ၂၀ အားတစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှုန်းထုတ်ချေးပေးပြီး  အရင်းမ ပျောက်အတိုးနှုန်းသက်သာစွာဖြင့် တစ်နှစ်လျှင်အတိုးအရင်းကောက်၍ တစ်ပတ်အကြာတွင် ပြန်လည်ထုတ် ချေးပေးခြင်းဖြစ်ကြောင်းသိရသည်။
ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လွှတ်တော် ကိုယ်စား လှယ်များ၊မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာလုံး ကျွတ်ဖိတ်ကြားပြီး  ဥက္ကဋ္ဌ၊ဒု-ဥက္ကဋ္ဌ၊အတွင်းရေးမှူး အပါအဝင် ၁၅ ဦးဖြင့် ကျေးရွာသစ်လှုပ်ရှားမှုအဖွဲ့အဖြစ်  ကျေးရွာသားများ၏သဘောတူညီချက်ဖြင့် ဖွဲ့စည်းကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးကျော်စိန်ကပြောသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှလည်း စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ကွင်းဆင်းကြီးကြပ်ခြင်း၊စီမံကိန်းကျေးရွာရှိ သီးနှံစိုက်ခင်းများတွင် မျိုးကောင်း မျိုးသန့်သုံးစွဲနိုင်ရေး၊ စျေးကွက် ဝင်သီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ဥယျာဥ်ခြံသီးနှံများစိုက်ပျိုးပြီး နည်းပညာ ပေးခြင်း၊သဘာဝမြေဩဇာ ပြုလုပ် သုံးစွဲနည်း ပြသခြင်း၊ ဘက်စုံပိုးမွှားကာကွယ် နှိမ်နင်းနည်းများ ပညာပေးပြသခဲ့ သည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းအဖွဲ့အနေဖြင့် ကျေးရွာ သူကျေးရွားသားများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြို့နယ် ဌာနဆိုင်ရာများ၏ အကြံပေးကူညီမှု တို့ဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)