ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသား/ကျောင်းသူဟောင်းတို့၏ (၂၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပ

ဆိပ်ဖြူ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ဆရာကြီး/ဆရာမကြီးများကို ကျောင်းသား/ကျောင်းသူဟောင်းများက (၂၄) ကြိမ်မြောက် အာစရိယပူဇော်ပွဲကို ယမန်နေ့(အမျိုးသားအောင်ပွဲနေ့) နံနက် ၈ နာရီက ဆိပ်ဖြူ(အ.ထ.က) ရွှေရတု ဓမ္မာရုံ၌ ကျင်းပပူဇော်ခဲ့သည်။

အဆိုပါပူဇော်ပွဲကို ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ တက်ရောက်ပညာသင်ကြားခဲ့ကြသည့် ကျောင်းသား/ကျောင်းသူဟောင်းများက ဦးဆောင်၍ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဖွဲ့စည်းကာ ဆိပ်ဖြူမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစား ဆရာကြီး/ဆရာမကြီးများကို နှစ်စဉ်မပျက်မကွက် ပူဇော်ဆောင်ရွက်ခဲ့ (၂၄)ကြိမ်တိုင်တိုင် ပူဇော်နိုင်ခဲ့ကြောင်း၊ (၂၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲတော်ကြီး၌ အသက်(၆၂)နှစ်ပြည့်ပြီး ပူဇော်ခံ ဆရာကြီး/ဆရာမကြီး (၁၂၈)ဦးရှိပြီး၊ ပူဇော်ပွဲသို့ မြို့နယ်အတွင်းမှ ဆရာကြီး/ဆရာမကြီး (၅၀)ဦး တက်ရောက်ပူဇော်ခံ ကြွရောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပူဇော်ပွဲအခမ်းအနားကို အနန္တငါးပါးပူဇော်ကန်တော့ချိုးဖြင့် ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလေးများက အနန္တငါးပါးဝင် ဆရာကြီး/ဆရာမကြီးတို့ကို ဆရာကန်တော့ချိုးတို့ဖြင့် ပူဇော်ခြင်း၊ ပူဇော်ငွေတို့ဖြင့် အသီးသီးပူဇော်ခဲ့ကြသည်။ ထို့နောက်  အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ထွေးက ဆရာကြီး/ဆရာမကြီးတို့အား ပူဇော်ရခြင်းရည်ရွယ်ချက်များ၊ အာစရိယပူဇော်ပွဲကျင်းပရေး ကော်မတီအဖွဲ့က ကျောင်းသား/ကျောင်းသူဟောင်းများ ပေးပို့လှူဒါန်းသည့် အလှူငွေရရှိမှု၊ ဆရာကြီး/ဆရာမကြီးတို့အတွက် ကျန်းမာရေးဆိုင်ရာကိစ္စများ၊ ပူဇော်ပွဲသို့လာရောက်နိုင်ခြင့်မရှိသည့် ရပ်ဝေး ဆရာကြီး/ဆရာမကြီးတို့အတွက် ပူဇော်ခြင်းလုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပေးခဲ့သည်။ ၎င်းနောက် ပူဇော်ခံဆရာကြီး/ဆရာမကြီးတို့ကိုယ်စား ဆရာကြီး ဦးရဲညွန့် (ပခုက္ကူ)နှင့် ဆရာမကြီး ဒေါ်ခင်ညွှန့်(ချောက်)တို့က ကျောင်းသား/ကျောင်းသူဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလေးများတို့အား ကျောင်းတော်ကြီး၏ အမှတ်တရပုံရိပ်များနှင့် ဆုံးမသြဝါဒစကားများကို မြွက်ကြားပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)