တောင်ငူ အောက်တိုဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေအလိုက် ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်များ၊ မဲပုံးများနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က (၃၆၅) ရက် နေ့စဉ်အာရုဏ်ဆွမ်းလောင်း အသင်းဓမ္မာရုံနှင့် မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတို့ တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက မဲလက်မှတ်များ၊ မဲပုံး၊ လုံခြုံရေးကြိုး၊ အမှန်ခြစ်တံဆိပ်တုံးနှင့် မဲရုံသုံးဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အုပ်စုပေါင်း (၂၀) အုပ်စုသို့ စတင်ထုတ်နှံပေးပြီး ကျန်ရှိသည့် အုပ်စုများကို အောက်တိုဘာ ၂၆ ရက်နေ့အထိ ထုတ်ပေး သွားမည်ဖြစ်သည်။
တောင်ငူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာပေါင်း(၆၄)အုပ်စု၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၉၅၃၄၉) ဦးရှိပြီး မဲရုံပေါင်း ၁၉၃ ရုံ စီစဉ်ထားကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဇော်ထက် (တောင်ငူ)