(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနား ဆိပ်ဖြူမြို့နယ်၌ ကျင်းပ

ဆိပ်ဖြူ ဒီဇင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ၎င်းအခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးက ဖတ်ကြားပေးခဲ့သည်။

ဆက်လက်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)