ထီးချိုင့် အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ရွေးကောက် ပွဲဆိုင်ရာ ဆင့်ပွား သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရွှေပြည်သာ ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌဦးကျော်မင်းမှရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်စွာထွန်းမှ ရွေးကောက်ပွဲမတိုင်မီလုပ်ဆောင်ရမည့်လုပ်ငန်းများ မဲပေးခြင်း လုပ်ငန်းအဆင့်ဆင့်၊ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့် ပြစ်မှု၊ ပြစ် ဒဏ်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်၊ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းအား အောက်တိုဘာ(၂၅)ရက်နေ့တွင် မဲရုံ (၂၁)ရုံအတွက် သင်တန်းသား(၅၁)ဦး ၊ အောက်တိုဘာ (၂၆)ရက်နေ့တွင် မဲရုံ ( ၂၅ ) ရုံအတွက် သင်တန်းသား (၆၀)ဦး၊ အောက်တို ဘာ(၂၇)ရက်နေ့တွင် မဲရုံ ( ၂၀ )ရုံအတွက် သင်တန်းသား ( ၄၈) ဦး၊ အောက်တိုဘာ (၂၈)ရက် နေ့တွင်မဲရုံ (၂၆) ရုံအတွက် သင်တန်းသား ( ၅၈)ဦးတို့အား သင်တန်းပို့ချ သွားမည် ဖြစ်ကြောင်းသိရပါသည်။
ထီးချိုင့်မြို့နယ်အတွင်း မဲရုံ(၉၂)ရုံရှိပြီး မဲရုံမှူးနှင့်ဒုမဲရုံးမှူး သင်တန်းသားသင်တန်းသူဦးရေ (၂၁၇) ဦး အား (၄)ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်ရုံးမှ သိရပါ သည်။
ရဲလင်းထွန်း ( ထီးချိုင့် )