အောင်လံ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(၁) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က(၂)ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး၊ အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အောင်လံမြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ အောင်လံမြို့နယ် အ.ထ.က(၃)ရွာထောင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးနှင့် ဝန်ထမ်းများက(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပေးသော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်လံ(ပြန်/ဆက်)