ကော့သောင်း မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက မဲပုံးနှင့် မဲရုံသုံး ပစ္စည်းများထုတ်ပေး

ကော့သောင်း၊ အောက်တိုဘာ ၂၆

 

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ အသုံးပြုရန်အတွက် မဲရုံသုံး ပစ္စည်း(၃၂)မျိုးကို မြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များသို့ ယမန်နေ့နံနက်ပိုင်း မှ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ထုတ်ပေးသည့် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲပုံး၊ မဲလက်မှတ်၊ ဆန္ဒပြုခန်း၊ခြင်းတောင်း၊ ချိတ်တံဆိပ်၊ ဆာလာ အိတ်များ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံကိုယ်စားလှယ်စတေကာများ၊ အထူးကိုယ်စားလှယ် စတေကာများ၊ စာရေးကရိယာပစ္စည်းများ၊ ပါးစပ်နှာခေါင်းစည်းနှင့်လက်သန့်ဆေးရည်များ၊ ရွေးကောက်ပွဲနှင့် ပတ်သတ်သော အသိပညာ ပေးလက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့်ဗီဒီယိုခွေများ၊ သိမှတ်ဖွယ်ရာ စာအုပ်များ၊ စည်းမျဉ်းစည်းကမ်း စာအုပ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ တာဝန်ရှိသူများက ကြီးကြပ်ကာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မှရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များထံသို့ စနစ်တကျ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၂၇) အုပ်စု၊ မဲရုံပေါင်း (၇၅)ရုံ၊ တိုင်းရင်းသား မဲဆန္ဒရှင် အပါအဝင် မဲဆန္ဒရှင်ဦးရေ တစ်သိန်းနှစ်ရာကျော်ရှိပြီး ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ(၇)ရက်နေ့မှာ အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်းသိရသည်။

ကျော်စိုး (ကော့သောင်း)