ရှမ်းရွာသစ်မြို့၌ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲပုံးနှင့်မဲရုံသုံးပစ္စည်းများထုတ်ပေး

ရှမ်းရွာသစ်  အောက်တိုဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်း ပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံသုံးပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ ယမန်နေ့က ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲရုံသုံးပစ္စည်းများဖြစ်သည့် မဲရုံများတည်ဆောက်ရာ၌ သိရှိရမည့် မဲရုံအခင်းအကျင်းနမူနာပုံစံ၊ မဲရေတွက်ခြင်း ခြင်းတောင်းများ၊  မဲပုံးများ၊ မဲရုံအတွက်ဆန္ဒပြုခန်း၊ အသိပညာ ပေးဗီနိုင်းများ၊ လုံခြုံရေးကြိုး၊  မဲရုံမှူး/ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအတွက် လက်စွဲစာအုပ်၊ ရွေးကောက်ပွဲ တာဝန်ရှိသူများ စစ်ဆေးရန် အချက်အလက်များဖြစ်သည့် စာအုပ်များနှင့် မဲရုံများအတွက် လိုအပ်သည့် ပစ္စည်းများ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်မြို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စု၊ မဲရုံ (၁၆)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း  (၁၂၃၈၂) ဦး ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)