မအူပင်မြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးရန်အတွက် မဲလက်မှတ်၊ မဲပုံးနှင့်ပစ္စည်းများ ထုတ်ပေး

မအူပင် အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ်မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ခရိုင်ကော်မရှင်အဖွဲ့ခွဲ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့် အတွင်း ရေးမှူး ဒေါ်ဝင်းဝင်းမာနှင့် မြို့နယ်အဆင့် ကော်မရှင်အဖွဲ့ခွဲဝင်များက ရပ်/ကျေးအုပ်စုများရှိ မဲရုံ ပေါင်း(၃၁၁)ရုံအတွက် မဲလက်မှတ်၊ မဲပုံးနှင့် မဲရုံသုံးပစ္စည်းများအား ရွေး​ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ များထံသို့ ထုတ်ပေးခဲ့သည်။

မအူပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၈၈)အုပ်စု၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၄၆၂၃၆) ဦးရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မအူပင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေး မှူး ဒေါ်ဝင်းဝင်းမာထံမှ သိရသည်။


အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)