လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှ (၁၄)ရက်ပြည့်မြောက်သူ (၂၅)ဦးအား နေရပ်သို့ ပြန်လည်စေလွှတ်

လှိုင်းဘွဲ အောက်တိုဘာ ၂၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် လှိုင်းဘွဲမြို့နယ်အတွင်း စီစဉ်ဆောင်ရွက်ထားရှိသော ကန့်သတ်စောင့်ကြည့်ရေး စခန်းများ၌ စောင့်ကြည့်လျက်ရှိရာ မြိုင်ကြီးငူအထူးဒေသ သီတဂူနန်းသီလာမြိုင် ဆေးရုံတွင် ၁၄ ရက် ပြည့်မြောက်၍ အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးကာ ယမန်နေ့ နံနက်ပိုင်းက မိမိနေအိမ်သို့ ပြန်မည့်သူများ အား ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူခြင်း (၂၁) ရက် ပြည့်မြောက်ပြီး သတ်မှတ်နေရာ စောင့်ကြည့်ရေး စခန်းမှ မိမိနေအိမ်များသို့ ပြန်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း မိမိနေအိမ်တွင် လည်း (၇)ရက် ပြန်လည်နေထိုင်ရန်၊ Mask များကို စနစ်တကျ တပ်ဆင်အသုံးပြုရန်၊ လူစည်ကားရာနေရာများ သွားခြင်းအား ရှောင်ကြဉ်ရန်၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းများ သီးသန့်ထားရှိ ရန်၊ အိမ်သားများနှင့် ရောနှော နေထိုင်ခြင်းမပြုဘဲ တစ်ဦးနှင့်တစ်ဦး (၆ပေ)အကွာတွင် နေထိုင်ရန်၊ လက်ကို မကြာခဏဆေးရန်၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ခြင်းများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြရန်တို့ကို ပြည်သူ့ ကျန်းမာရေးတာဝန်ခံများက မှာကြားခဲ့ပြီး (၂၁)ရက် နေထိုင်ခဲ့ကြသည်မှာ မှန်ကန်ကြောင်း အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)