စေတုတ္တရာ အောက်တိုဘာ ၂၅
မကွေးတိုင်ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းက မြစိမ်းရောင်ကျေးရွာ စံသတ်မှတ်နှုန်းနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ စံသတ်မှတ်နှုန်းများအား အကျယ်တဝင့်ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ရေးကော်မတီများနှင့် ဌာနဆိုင်ရာအကြီး အကဲများအနေဖြင့် ပူးပေါင်းရွေးချယ်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ရေးကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် စံသတ်မှတ် နှုန်းများနှင့် ကိုက်ညီသည့် ဆင်းရဲသော၊ စိုက်ပျိုးရေး မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော၊ ကျေးရွာသူကျေးရွာသားများ၏ စိတ်အား ထက်သန်မှုနှင့် စည်းလုံးညီညွှတ်မှုရှိသော၊ လမ်းပန်းဆက်သွယ် ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ် အေးချမ်းမှုရှိသော အိမ်ခြေ(၈၀)နှင့် အထက်ရှိသော ကျေးရွာ(၂)ရွာနှင့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)အတွက် စံသတ်မှတ်နှုန်းများနှင့် ကိုက်ညီသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေကျပ်(၁၀)သန်းအပြင် လွှတ်တော်ရန်ပုံငွေနှင့် ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသော၊ အကျိုးခံစားရမည့် အိမ်ထောင်စုများသည့် လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှုရှိသော၊ ကျေးရွာသူ ကျေးရွာ သားများ၏ စိတ်အားထက်သန်မှု စည်းလုံးညီညွှတ်မှုနှင့် တက်ကြွဆောင်ရွက်လိုမှုရှိသည့်၊ မည်သည့် စီမံကိန်းမှ မရှိသေးသည့် ကျေးရွာများမှ Mini Grid, SHS နှင့် အိမ်သွယ်ရေတိုင်စနစ်လုပ်ငန်းများတွင် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်နိုင်မှုရှိသည့် ကျေးရွာ(၇)ရွာတို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)