မင်းဘူး အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ လူမှုကူညီရေးအသင်း အဖွဲ့အစည်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းအစည်းအဝေးခန်းမ၌ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးမြို့ရှိ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများတွင် အမှန်တကယ် လိုအပ်နေသော ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများကို လှူဒါန်းနိုင်ရန်အတွက် လွတ်လပ်စွာ ပျော်ရွှင်တတ်သော မင်းဘူးအဖွဲ့မှ ဦးဆောင်၍ Online မှတစ်ဆင့် အလှူခံခဲ့ရာ စေတနာရှင်အလှူရှင်များက စုပေါင်းလှူဒါန်းသော PPE ဝတ်စုံ (၁၁၁) စုံ၊ N95 Mask အခု ၅၀၀၊ ပိုးသတ်ဆေး 5 Liter တစ်ဘူးနှင့် 20 Liter တစ်ဘူးတို့ကို လွှဲပြောင်းလှူဒါန်း ပေးအပ်ခြင်းဖြစ်ကြောင်း လွတ်လပ်စွာပျော်ရွှင်တတ်သော မင်းဘူးအဖွဲ့ နာယက ဦးဝင်းမြင့်က ရှင်းလင်းပြောကြားသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် မင်းဘူးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကို PPE ဝတ်စုံ (၆၁) စုံ၊ N95 Mask အခု ၃၀၀၊ ပိုးသတ်ဆေး 5 Liter တစ်ဘူး၊ ခရိုင်ကြက်ခြေနီကြီးကြပ်ရေးကော်မတီကို PPE ဝတ်စုံ (၂၅) စုံ၊ N95 Mask အခု ၁၀၀၊ ပိုးသတ်ဆေး 20 Liter တစ်ဘူးနှင့် ချမ်းသာကြီးပရဟိတ လူမှုကူညီရေး (မင်းဘူး)ကို PPE ဝတ်စုံ (၂၅) စုံ၊ N95 Mask အခု ၁၀၀ တို့ကို လွှဲပြောင်းလှူဒါန်းပေးအပ်ခဲ့ကြောင်း သိရ သည်။
မောင်မောင်(မင်းဘူး)