ကျိုက်လတ်၌ ကိုဗစ်-၁၉ လူနာများအတွက် အရန်ဆေးရုံပြင်ဆင်ရန် တိုင်းကျန်းမာရေးဦးစီးဌာနမှူး လာရောက်ကြည့်ရှု

ကျိုက်လတ် အောက်တိုဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယမန်နေ့ နေ့လယ်(၁၁)နာရီခွဲခန့်က တိုင်းကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သည် ကျိုက်လတ် ၌ ကိုဗစ်-၁၉ လူနာများအတွက် အရန်ဆေးရုံပြင်ဆင်ရန် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်ဟိန်းလတ်၊ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီအဖွဲ့နှင့်အတူ ကျိုက်လတ် မြို့နယ်အတွင်း ပိုးတွေ့လူနာများလာသဖြင့် အရန်ဆေးရုံ (Plan B) အဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ(GTI) တွင် ထားရှိနိုင်ရေး ပြင်ဆင်ရန်နေရာအခြေအနေများကိုလည်းကောင်း၊ GTI တွင် လက်ရှိဆောင်ရွက်ထားသည့် Facility Quarantine ကိုလည်းကောင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံသို့ ဝင်ရောက်စစ်ဆေးပြီး အစည်းအဝေး ခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များမှာကြား ခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)