အုတ်ဖို အောက်တိုဘာ ၂၅
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ မြို့နယ်တာဝန်ရှိသူများမှ ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနှင့် အဖွဲ့တို့သည် တိမ်မြုတ်၊ ရှမ်းကုန်း၊ ချောင်းဂွ(ဂျီ)၊ အလယ်ကုန်း၊ သဖန်းပင်ဆိပ်၊ လိပ်ဥကုန်း၊ လွှစင် ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး ဦးကျော်ဇင်ဦး က ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားကြရန်လိုကြောင်း မဲရုံများတွင် တာဝန်ယူ ဆောင်ရွက်သွားကြမည့်သူများ အနေနဲ့လည်း ရောဂါပိုး ကူးစက်မခံရ ဖို့လို ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသူရဌေးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင် များ ဖြစ်သည့် မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင် တို့က မဲရုံများတွင် တာဝန်ယူ ဆောင်ရွက်ကြမည့်သူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)