မြန်မာ့ယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ ရိုးရာဓလေ့သုံး နွားလှည်းယာဉ်များ တိမ်ငုပ်ပျောက်ကွယ်မသွားရန် ထိန်းသိမ်းရန် လိုအပ်

မင်းဘူး အောက်တိုဘာ ၂၅

မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုနှင့် ကျေးလက်ဒေသ တောရွာများတွင် အသုံးပြုသော နွားလှည်းများမှာ (၁) လှည်းယာဉ် (၂)ခြံအိမ်လှည်း၊ (၃) ပေါင်းမိုးလှည်း၊ (၄) လှည်းမြီးတို၊ (၅) ရေစည်လှည်း၊ (၆) ဘုံလျှိုလှည်း၊ (၇) မယားကန်လှည်းဟူ၍ နွားလှည်းခုနှစ်မျိုးရှိသည့်အနက် လှည်းယာဉ်ကျော့ (ခေါ်) နွားလှည်းယာဉ်လည်း တစ်မျိုးအပါဝင်ဖြစ်သည်။ နွားလှည်းယာဉ်ဆိုသည်မှာ ခြောက်စတောင် ပွတ်လုံးရံတိုင်ကဲ့သို့ လှည်းအိမ်ကို အလှအပများနဲ့ ပြင်ဆင်မွမ်းမံထားသော အလှစီးလှည်းတစ်မျိုးဖြစ်သည်။

နွားလှည်းယဉ် ဆင်စွယ်ညွတ် ဇင်ယော်တောင် မွန်းတည့်ကောက်ဟူ၍ သုံးမျိုးသုံးစားရှိသေးသည် ထိုလှည်းယာဉ်ကို အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင် အသုံးများပြီး ပွဲများရှိ၍ ဘုန်းတော်ကြီးများ ပင့်ဆောင်ရာတွင်လည်း နွားလှည်းယာဉ်ကို အသုံးပြုကြသည်။ တစ်ချို့ကျေးရွာများက မိမိတို့ ကိုးကွယ်ဆည်း ကပ်သည့် ဆရာတော် သံဃာတော်များ သွားရေးလာရေး အဆင်ပြေစေရန် လှည်းယာဉ်ကျော့ကို လှူဒါန်းကြ သေးသည်။ နွားလှည်းယာဉ်သည် အလှစီးသက်သက်ဖြစ်ပြီး လူငါးဦးသာ စီးနိုင်သည်။ ရှေးအခါက ရှင်လောင်းလှည့်သည့်အခါ မောင်ရင်လောင်းများကို နွားလှည်းယာဉ်ပေါ်တင်ပြီး လှည့်ကြရာ ကြည်နူးဖွယ် ဖြစ်ရပါသည်။ နွားလှည်းယာဉ်ကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်ဘောင်စသည်ဖြင့် ခေတ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုကြသော်လည်း နှောင်းခေတ်ကာလတွင် တောဓလေ့သဘာဝနှင့် လိုက်ရော ညီထွေမှုရှိစေရန် ပြုပြင်တည်ဆောက် အသုံးပြုလာကြသည်။

ယခုခေတ်တွင် ပြည်ပမှ နည်းပညာ အတတ်ပညာများဖြင့်၊ မော်တော်ကား၊ မော်တော်ဆိုင်ကယ် စသည်ဖြင့် ဝင်ရောက် ထိုးဖောက်နေရာယူကြသော်လည်း ကျေးလက်ဒေသရိုးရာသုံး နွားလှည်းယာဉ်များကို ဆက်လက်တွင်ကျယ်စွာ လုပ်ကိုင်အသုံးပြုနေကြသည့်အတွက် အားရစရာတစ်ခုဖြစ်လာရပါသည်။ ထိုကဲ့သို့မြန် မာ့ယဉ်ကျေးမှု မြန်မာ့အမွေအနှစ် အမှတ်တရများကို ယနေ့အထိ တွေ့မြင်နိုင်အောင် ထိန်းသိမ်းစောင့် ရှောက်ထားနိုင်သည်မှာ ဂုဏ်ယူစရာကောင်းလှ ပါသည်။ ရှေးယခင်ကတည်းက ခိုင်မာစွာတည်ရှိနေသော မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကျေးလက်ဒေသရိုးရာဓလေ့များကို ဖော်ဆောင်ပေးသော လှည်းယဉ်ကျော့ (ခေါ်) နွားလှည်းယာဉ်များ တိမ်ငုပ်ပျောက်ကွယ်မသွားအောင် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုအပ်ပါတော့သည်။

ဇေယျာထက် (မင်းဘူး)