ထားဝယ်မြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပို့ချ

ထားဝယ်  အောက်တိုဘာ ၂၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားခဲ့သည်

သင်တန်းတွင် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္က ဦးစိုးလွင်နှင့် တာဝန်ရှိသူများက မဲရုံမှူးနှင့် ဒုမဲရုံမှူးများအား မဲရုံမှူးများ ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များရွေးကောက်ပွဲဆိုင်ရာအချက်အလက် များ မဲရုံခင်းကျင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများမဲရုံဖွင့်/ပိတ်ခြင်းဆန္ဒမဲပေးခြင်းနှင့် မဲရုံအတွင်းသို့ ဝင်ရောက် ခွင့်ရှိသူများ အကူအညီလိုအပ်သူ မဲဆန္ဒရှင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းများမဲရုံပြင်ပ တာဝန်ထမ်းဆောင်မည့် သူများ၏ လုပ်ငန်းစဉ်များဆန္ဒမဲရေတွက်ခြင်းနှင့် ပုံစံများဖြည့်သွင်းခြင်းရွေးကောက်ပွဲတာဝန်ရှိသူများ စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များ စသည့်တို့ကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့သည်

ထားဝယ်မြို့နယ်ရှိ မဲရုံပေါင်း (၁၀၄)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်း(၁၆၄၀)ဦးရှိပြီး  သင်တန်းအား အောက်တိုဘာ ၂၅ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်၍ မဲရုံအဖွဲ့ဝင်သင်တန်းများကို သက်ဆိုင်ရာမဲရုံ အသီးသီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ထားဝယ်ခရိုင် ပြန်/ဆက်)