မအူပင် အောက်တိုဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပုံးများအား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းမြင့်နှင့် အတွင်းရေးမှူး ဒေါ်ဝင်းဝင်းမာတို့က မအူပင်မြို့နယ်အတွင်းရှိ ဖိတ်ကြားထားသော နိုင်ငံရေးပါတီများအား ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲပေးနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ကြိုတင်မဲစာအိတ်များနှင့် လက်မှတ်များအား ပေးပို့ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံပိတ်ချိန် ညနေ ၄ နာရီမတိုင်ခင် ရောက်ရှိလာသော ကြိုတင် ဆန္ဒမဲလက်မှတ် စာအိတ်များအား လုံခြုံစွာ ထည့်သွင်းသိမ်းဆည်းထားရှိနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများရှေ့တွင် မဲပုံး အား စစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ် ဆောင်ရွက်ခဲ့သည်။ မအူပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယနေ့အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၂၄၆၂၃၆)ဦးရှိပြီး မဲရုံပေါင်း(၃၁၁)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံး မှ သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)