စကုမြို့၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃)သင်တန်း ဖွင့်လှစ်ပို့ချ

စကု ဒီဇင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် စကုမြို့ကြက်ခြေနီအသင်းခွဲငယ်တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ စကုမြို့၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ကျင်းပရာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စကုမြို့အုပ်ချုပ်ရေးမှူးဦးချိုစန်းလွင်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး စကုမြို့၊ ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးသောင်းထိုက်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် သင်တန်းတွင်ပို့ချသင်ကြားပေးမည့် အခြေခံရှေးဦးပြုစုနည်းဆိုင်ရာ သင်ခန်းစာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စကုမြို့ ၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူလေးများက “အများအတွက် ကြက်ခြေနီ ၊ No.1 လူငယ်တေးသီချင်း” ခေါင်းစဉ်များဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ၊ စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းမှူးနှင့် သင်တန်းနည်းပြဆရာများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အဆိုပါ ကြက်ခြေနီအခြေခံရှေးဦးပြုစုခြင်းသင်တန်းကို စကုမြို့ ၊ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူ ၁၂၀ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကာ သင်တန်းတွင် အခြေခံ အသက် အထောက်အကူပြုစုနည်း ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာများ၊ အဆိပ်သင့်ခြင်း သတ္တဝါများနှင့် ပိုးမွှားများကိုက်ခြင်း အန္တရာယ်ပြုစုနည်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်းပြုစုနည်း၊ ကျောရိုးတန်းမကြီးဒဏ်ရာပြုစုနည်း၊ ကြပ်အသုံးပြုပုံ/ ကိုင်တွယ်ခြင်းနှင့် လူနာသယ်ဆောင်ခြင်းနည်းစနစ်များ၊ ရှေးဦးပြုစုခြင်း အဓိပ္ပါယ်နှင့် သိကောင်းစရာများစသည့် အခြေခံရှေးဦးပြုစုနည်းသင်ခန်းစာများကို ယနေ့မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့စနစ်တကျဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )