ရေတာရှည် အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မဲရုံမှူးသင်တန်းကို အ.ထ.က(မြို့လှ) ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ထွန်းက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီးဌာန မြို့လှမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာ ပန်းအိအိသန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့် PPE ဝတ်စုံ စနစ်တကျ ဝတ်ဆင်နည်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသူက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက ရွေးကောက်ပွဲနေ့တွင် သတိပြုရမည့် အချက်များနှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်ကေခိုင်က ရွေးကောက်ပွဲဆိုင်ရာဥပဒေအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သင်တန်းကို ဆက်လက်ပို့ချခဲ့ ရာ သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့် လုံခြုံရေးအိတ်များ ထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတာဝန်များကို ပို့ချသွားမည်ဖြစ်ကြောင်းနှင့် ပထမအကြိမ် သင်တန်းတွင် ရပ်ကွက်/ ကျေးရွာ အုပ်စုရှိ မဲရုံ (၇၂) ရုံမှ မဲရုံမှူး၊ ဒုမဲရုံးမှူး သင်တန်းသား/ သင်တန်းသူ (၁၄၄) ဦးအား ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့မှ သိရသည်။
ဆု(ပြန်/ဆက်)