ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးငယ် ၃၀၇၅ ဦးအား HPV (သားအိမ်ခေါင်းကင်ဆာ) ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့

ကန့်ဘလူ အောက်တိုဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင်  ရပ်ကွက်နှင့် ကျေးရွာများရှိ အမျိုးသမီးငယ်များအား HPV (သားအိမ် ခေါင်းကင်ဆာ)ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယမန်နေ့ထိ ၃၀၇၅  ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ HPV ကာကွယ်ဆေးကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သတ်မှတ်စုရပ်များ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များ၏ ပူးပေါင်းကူညီမှုဖြင့် ကျန်းမာရေး ဝန်ထမ်းများက အောက်တိုဘာ ၂၀ ရက်မှ စတင်ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။ အမျိုး သမီးငယ် အသက် ကိုးနှစ်မှဆယ်နှစ်ကြား မိန်းကလေးများကို တစ်ကြိမ်နှင့်တစ်ကြိမ် ၁၂ လခြားပြီး နှစ်ကြိမ်ထိုးနှံပေးမည်ဖြစ်ရာ လာမည့်နှစ် အောက်တိုဘာလတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါသည်ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာအများစုသည် HPV ပိုးကြောင့်ဖြစ်ကာ HPV ပိုးအမျိုးအစား (၁၆)နှင့်(၁၈) ပိုးများသည် သားအိမ်ခေါင်း ကင်ဆာအားလုံး၏ ၇၀ ရာခိုင်နှုန်းကို ဖြစ်စေသည်။ HPV ကာကွယ်ဆေးသည် HPV ပိုးအမျိုးအစား (၁၆)နှင့်(၁၈) ပိုးကူးစက် ခံရခြင်းမှ ၉၅ ရာခိုင်နှုန်း ကာကွယ်နိုင်ကာ၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေသော အခြား အန္တရာယ်ရှိသော HPV ပိုးအမျိုးအစား များကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်() ဒေါ်ရီရီဝင်း ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)