မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၅
မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ယမန်နေ့ နံနက်ပိုင်းအချိန်ထိ ၅၆ ဦးရှိပြီး၊ ရောဂါ ပျောက်ကင်း၍ ကျန်းမာရေး ကောင်းမွန်စွာ ဆေးရုံဆင်းသူ ၂၁ ဦး၊ မြို့နယ်ကုတင် ၁ဝဝ ဆေးရုံ ကြီးတွင် ကုသဆဲလူနာ ၃၅ ဦးရှိသည်။ ကုသဆဲလူနာများတွင် အသက် ၈ဝ နှစ် အထက်လူကြီးပိုင်းများ ပါဝင်သော်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိသည်။
ယနေ့ နံနက် ၁ဝ နာရီအချိန်က မြို့နယ်အတွင်းရှိ Facility Quarantine Centre များ ဖြစ်ကြသော ရတနာ့ဗိမ္မာန် ဘုန်းတော်ကြီးကျောင်း၊ အ-ထ-က (၁)၊ မြို့မ အ-လ-က၊ ကုတင် ၅၀ ဆေးရုံ၊ အားကစား ခန်းမသစ်၊ ပစ္ဆိမာရုံဘုန်းတော်ကြီးကျောင်း၊ တိုင်းရင်းဆေးရုံများရှိ အသွားအလာကန့်သတ်ထားသူများ အား မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များက Quarantine ဝင်ရောက် နေစဉ်ကာလအတွင်း စားချိန် အိပ်ချိန် မှန်စွာဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်၊ ကျန်းမာရေးကိုယ်ခံ အား စနစ်ကောင်းမွန်ပါက Swab စစ်ဆေးမှု ရလဒ်ကောင်းများ ရရှိမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာချမ်းသာ ပါစေကြောင်း အားပေးစကားများ ပြောကြားပြီး လိုအပ်သည်များကို ထပ်မံဖြည့်တင်းစီစဉ် ဆောင်ရွက်ပေးသည်။
အဆိုပါ Facility Quarantine Centre ဝင်ရောက်သူများအား မြို့နယ်ကုတင် ၁ဝဝ ဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းများမှ Swab နမူနာများ ရယူပြီး ဓါတ်ခွဲနမူနာများအား NHL - ၅ဝ ဦး၊ ပုသိမ် - ၄၇ ဦး ပေးပို့ထားရှိပါကြောင်း သိရှိရ သည်။
သီတာအောင်(ပြန်ဆက်)