လက်ပံတန်း အောက်တိုဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အ.ထ.က(၃) လက်ပံတန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို သင်တန်းနည်းပြများအဖြစ် သာယာဝတီခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးအေးမြင့်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၅)ဦးတို့က မဲရုံမှူး၊ ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲပေးပုံ အဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှုများ၊ ထုပ်ပိုးပုံအဆင့်ဆင့်၊ ကျန်းမာရေးနှင့်လုံခြုံရေး၊ မဲရုံတည် နေရာအခင်းအကျင်း၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မှင်တို့ပေးသူ တာဝန်ဝတ္တရားနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
သင်တန်း၌ မြို့နယ်အတွင်းရှိ မဲရုံ(၁၇၆)ရုံမှ မဲရုံမှူး၊ ဒုမဲရုံမှူး(၃၅၂)ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အောက်တိုဘာလ ၂၄ ရက်မှ ၂၆ ရက် နေ့အတွင်း တန်းခွဲများဖြင့် သင်တန်းပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး