လိပ်သို ဒီဇင်ဘာ ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဆက်လက်ဟောပြောရာတွင် လူမှုလောကပတ်ဝန်းကျင်သည် အရာရာတိုင်း အသစ်သစ်တို့ဖြင့် တိုးဝင် ဖုံးလွှမ်းခံလာရကြောင်း၊ လူငယ်လူရွယ်တို့၏ အာရုံကလည်း အသစ်သစ်တို့၏ နောက်သို့ စုပြုံလိုက်လျက်ရှိကြကြောင်း၊ လူငယ်တွေမှာ စဉ်းစားသုံးသပ်တတ်ရန် အချိန်အခွင့်အရေးတွေရတိုင်း စဉ်းစားစေချင်ကြောင်း၊ ကိုယ်ပြုသမျှသည် နောက်ထပ်သက်တမ်းတစ်ခုကို ရိုက်ခတ်နေသည်ဆိုသည်ကို သတိပြုရမည်ဖြစ်ကြောင်း စသည်ဖြင့် လူငယ်နှင့်ယဉ်ကျေးမှု၊ ရှင်းသန့်သော လူငယ်၊ လူငယ်နှင့် အတုယူခြင်း ခေါင်းစဉ်များဖြင့် လူငယ်များအား ဥပမာ၊ သာဓကများဖြင့် ဟောပြောခဲ့ကြောင်းနှင့် တက်ရောက်လာကြသော အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးအနေဖြင့် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများဖြစ်သည့် လူငယ်အသိပညာပေးဟောပြောပွဲ၊ အသိပညာပေးပြပွဲများ ပြသခြင်းနှင့် အားကစားပြိုင်ပွဲများကို အလျဉ်းသင့်သလို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)