ပွင့်ဖြူမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်ကာကွယ်ရေးအတွက် စိုက်ပျိုးထားရှိသည့် အရိပ် ရပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိသည့် အရိပ်ရ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံ တွေ့နေရ သည့် သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲမှုဂေဟစနစ်များ မျှတကောင်းမွန်အောင် ထိန်းညှိပေးနိုင်ရေး အတွက် နှစ်စဉ်အရိပ်ရပျိုးပင်များကို ပြုစု ပျိုးထောင်ကာ မြို့နယ်အတွင်း သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်စေရန် နှင့် အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်းနှင့် ထူးစိမ်း(တစ်အုပ်တစ်မ) စိုက်ခင်းများ ဟူ၍ လုပ်ငန်းစဉ်(၃)ရပ်ခွဲကာ အရိပ်ရပင်များကို အကောင်အထည်ဖော် စိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ယခု ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် အပူဒဏ်ကာကွယ်နိုင် ရေးအတွက် ပွင့်ဖြူမြို့နယ် ချောင်းဆုံ(မ)ကျေးရွာ၏ အရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာရှိ မြေကွက်လပ်တွင် (၁/၂၀၂၀) ကျေးရွာသုံးစိုက်ခင်း ဧက(၁၀၀)တွင် အရိပ်ရပင် များ ဖြစ်သည့် ယူကလစ် ၁၂၄၂၀ ပင် (၂၃)ဧက၊  ရှား ၂၉၇၀၀ ပင် (၅၅)ဧက၊ မျှင်ဝါး ၁၀၈၀ ပင် (၂)ဧက တို့ကို စိုက်ပျိုးထားရှိကြောင်း၊ စိုက်ခင်းအမှတ် (၂/၂၀၂၀) အခြားစိုက်ခင်းအနေဖြင့် ဧက(၃၀)တွင် ယူကလစ် ၁၀၈၉၀ ပင် (၉)ဧက၊ ရှား ၂၅၄၁၀ ပင် (၂၁)ဧက စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်းနှင့် အထူးစိမ်း (၃/၂၀၂၀) တစ်အုပ်တစ်မစိုက်ခင်းအနေဖြင့် တမာ ၁၂၀၀ ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ မာတာကွတ်(၁၀၀)ပင်၊ စုစုပေါင်း အရိပ်ရပင် ၁၅၀၀ ကိုလည်း စိုက်ပျိုးဆောင်ရွက်ထားရှိ ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးထားရှိသည့် အရိပ်ရပင်များကို မြို့နယ်ဦးစီးအရာရှိ ဦးဇော်ထွန်း ဦးဆောင်သော ဝန်ထမ်းများ အဖွဲ့က စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရေလောင်းခြင်း၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ မြေဆွခြင်း၊ မြေဆီမြေဩဇာ ကျွေးခြင်း လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ခဲ့သဖြင့် ယခုအခါ စိုက်ခင်းများအလိုက် အရိပ်ရပင်များမှာ ရှင်သန်ကြီး ထွားဖွံ့ဖြိုးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ထွန်းထံမှ သိရသည်။

ထို့အပြင် ယခုလာမည့် ၂၀၂၀-၂၀၂၁ ခုနှစ် ၊ မိုးရာသီအတွက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ် ကာကွယ်ရေးအတွက် စိုက်ပျိုးနိုင်ရန် ချောင်းဆုံကန် ယာယီပျိုးဥယျာဉ်တွင် ယူကလစ် ၂၄၄၃၈ ပင် ၊ ရှား ၇၁၂၈၇ ပင်၊ မျှင်ဝါး ၂၀၂၅ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၉၇၇၇၅၀ ပင်ကိုလည်း ကြိုတင်၍ ပျိုထောင်ခြင်းလုပ်ငန်းဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)