နည်းပညာတက္ကသိုလ် (တောင်ငူ)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့ နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ် (တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန် ကကျောင်းသား ကျောင်းသူများသည် အခြေခံပညာအဆင့်တွင် သင်ယူခဲ့သည့် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ စသည့် သိပ္ပံပညာရပ်များကို အခြေခံမှစ၍ ကောင်းစွာနားလည် တတ်မြောက်ရန်လိုအပ်ပြီး ယခုအဆင့်မြင့်ပညာအဆင့်တွင်သင်မည့် အင်ဂျင်နီယာပညာရပ်များတွင် အသုံးချမည့် Engineering Physics, Engineering  Chemistry, နှင့် သင်္ချာဘာသာရပ်များကို သေချာစွာသင်ယူပြီး သက်ဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်နယ်ပယ်များတွင်  အသုံးချတတ်မှသာ ဆန်းသစ်တီထွင်နိုင်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်မည်ဖြစ်၍ ပညာသင်ယူစဥ်ကာလအတွင်း မဆုတ်မနစ်သော ဇွဲ၊ လုံလ၊ ဝီရိယထား၍ အားသွန်ခွန်စိုက်ကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ သင်တန်းရေးရာ ဌာနမှူးက ဘာသာရပ်ခွဲဝေခြင်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး သင်တန်း(၆)ခုမှ ဌာနမှူးများက တစ်ဦးချင်းမိတ်ဆက်၍ ဘာသာရပ်အကြောင်းကို မိတ်ဆက်ပြောကြားပါသည်။

 အဆိုပါ တက္ကသိုလ်တွင် အင်ဂျင်နီယာသင်တန်း (၆)ခု၊  စာပေပညာဌာနများနှင့် ဘာသာစကားဌာန စသည့်ဌာနများဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းနှစ် အသီးသီးတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၉၁၆)ဦး တက်ရောက်ပညာသင်ကြားလျှက် ရှိသည်။

ခရိုင် (ပြန်/ဆက်)