ဆိပ်ဖြူ အောက်တိုဘာ ၂၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပထမဦးဆုံး စစ်ဆေးတွေ့ရှိခဲ့ရသည့် အမျိုးသမီးသည် ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်၍ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြုပြီး ၎င်း နေထိုင်ရာ ကျေးရွာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာအုပ်စု ဝန်ကြီးကျေးရွာမှ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ပလတ်စတစ် စက်ရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကာ အောက်တိုဘာလ (၈) ရက်နေ့က မိမိနေရပ် မြို့နယ် သို့ပြန်လာပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက ဆောင်ရွက်ထားရှိသည့် Facility Quarantine တွင် နေထိုင်၍ အောက်တိုဘာလ ၁၃ ရက်နေ့တွင် Swab ယူ၍ ကိုဗစ်-၁၉ စစ်ဆေးခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ဓာတ်ခွဲ စစ်ဆေးချက်များအရ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့၍ ဆိပ်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူကာ ကိုဗစ်-၁၉ ရောဂါပိုးကင်းစင် ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းသိရသည်။
ဆေးရုံဆင်းခွင့်ရရှိသော အမျိုးသမီးကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်၊ ကိုဗစ်-၁၉ ရောဂါ ကုသပေးခဲ့သည့် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများက ဂုဏ်ပြု အားပေးစကားများ ပြောကြားပေးပြီး မိမိကျေးရွာ နေအိမ်တွင် Stay Home နေထိုင်သွားရန်နှင့် Stay Home နေထိုင်စဉ် ကာလတွင် ကျန်းမာစွာ နေထိုင်စားသောက်ရေးအတွက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားရန် ပြောကြားပေးပြီး သင်္ဂဟလူမှုကူညီရေး ယာဉ်ဖြင့် ရှားလှကျေးရွာ အုပ်စု ဝန်ကြီးကျေးရွာ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌသည် ဆိပ်ဖြူပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ဆေးကုသမှုခံယူလျက်ရှိသည့် ကုန်တင်ယာဉ်မောင်း (၂) ဦးကို စီစီတီဗွီ ကင်မရာဖြင့် ကြည့်ရှု အားပေးစကားများ ပြောကြားပေးပြီး မြို့နယ်ဆရာဝန်ကြီးက ကုန်တင်ယာဉ်မောင်း(၂)ဦးကို ကျန်းမာရေး စောင့်ရှောက်ပေး နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပေးပြီး ကုန်တင်ယာဉ်မောင်းနှစ်ဦးမှာလည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)