ငဖဲမြို့နယ် ပင်ဦးကျေးရွာ၌ တွန်ဂလာ ၆၉၂ ငရုတ်မျိုးများ စိုက်ပျိုးရန် မျိုးစေ့ထုတ်ပေါင်း ၂၄၀ ကျော် ပျိုးထောင်ထားရှိ

ငဖဲ အောက်တိုဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပင်ဦးကျေးရွာမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး လယ်မြေများတွင် မြေအောက်ရေကို အသုံးပြုပြီး တွန်ဂလာ ၆၉၂ ငရုတ်သီးမျိုးကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အခြား မြေဧက ၃၀ တွင် စိုက်ပျိုးရန်အတွက် တောင်သူဦးလှဦး၏ ခြံတွင် ငရုတ်မျိုးစေ့ အထုပ်ပေါင်း ၂၄၀ ကျော်ကို ပျိုးထောင်ထားရှိကြောင်း သိရသည်။

ငရုတ်မျိုးစေ့များကို W7 ကုမ္မဏီမှ ဝယ်ယူရရှိပြီး မြေဆွေး၊ သဲနုံး၊ မြေဩဇာများထည့်၍ ပျိုးဗန်းမှာ ထည့်သွင်းပျိုး ရကြောင်း၊ အခုလိုပျိုးဗန်းနဲ့ စနစ်တကျ ထည့်ပျိုးမှ အထွက်နှုန်းကောင်းကြောင်း၊ အခု ပျိုးပင်သက်တမ်း ၁၈ ရက်ခန့် ရရှိနေပြီး ပျိုးပင်များရက် ၃၀ နဲ့ ၄၅ ရက်သားမှာ မြေချစိုက် ပျိုးရကြောင်း၊ မှိုဆေး၊ ပိုးဆေးနဲ့အားဆေးများဖြင့် စနစ်တကျ သန့်စင်ပြီးပျိုးရကြောင်း၊ မျိုးစေ့ထုတ် ၈ ထုတ် ပျိုးပါက မြေ ၁ ဧကတွင် စိုက်ပျိုးရန်အပင် ၇၀၀၀ ခန့်ရရှိကြောင်း၊ စနစ်တကျပျိုးထောင် စိုက်ပျိုးမှ ပိဿာချိန်များ ထွက်ရှိကြောင်း၊ အမိုး၊ အကာ လုံခြုံစွာ ထားရှိ၍ ပျိုးထောင်ရကြောင်း၊ စိုက်ပျိုးမည် ဆိုပါက မြေကိုအရင်ပြုပြင်၊ ဘောင်လုပ်ပြီး ပျိုးပင်သက်တမ်း ၁ လမှာ မြေချစိုက်ပျိုးနိုင်ကြောင်း၊ နည်းစနစ် တကျ စိုက်ပျိုးပါက ၁ ဧကလျှင် ပိဿာချိန် ၃၅၀၀ မှ ၅၆၀၀ အထိထွက်ရှိကြောင်း နှင့် ငရုတ်ပင် သက်တမ်း ၁ နှစ်ရှိ ကြောင်း ပင်ဦးကျေးရွာမှ ငရုတ်စိုက်တောင်သူ ဦးလှဦးက ပြောကြား သည်။

မယု(ငဖဲ)